ရင်သားထဲမှာ အဖုအကျိတ်တွေ စမ်းမိနေရခြင်း အကြောင်းအရင်း
ရင်သားကို စမ်းလိုက်မိချိန်မှာ အဖုတွေ အကျိတ်တွေကို စမ်းမိနေပြီလား? ရင်သားမှာ အဖုအကျိတ်တွေ စမ်းမိတိုင်း ရင်သားကင်ဆာလို့ မမှတ်ယူလိုက်ပါနဲ့။ ရင်သားမှာ အဖုအကျိတ် ဖြစ်နေတာက ရင်သားကင်ဆာ ဆိုတာအပြင် အခြားသော အကြောင်းအရင်းတွေလည်း ရှိနိုင်ပါတယ်။
ရင်သားမှာ အဖုအကျိတ် စမ်းမိတာက ပိုးဝင်ကူးစက်တာ၊ အဆီကျိတ်၊ အဖုတွေ၊ ရင်သားတစ်ရှူးတွေ ကြီးထွားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရင်သားမှာ အကျိတ်ဖြစ်တာက အမျိုးသမီးတွေမှာမှ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အကျိတ်တွေတိုင်းကတော့ ကင်ဆာကျိတ် မဟုတ်ပါဘူး။ အများစုကတော့ ကင်ဆာကျိတ်တွေ ဖြစ်တတ်ပါတယ်။
ရင်သားမှာ အကျိတ်ဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ?
ရင်သားတစ်ရှူးတွေက ပုံမှန်အားဖြင့် ခပ်ပျော့ပျော့ ဖြစ်တတ်ပေမယ့် ရာသီလာခါနီးမှာ ရင်သားတွေ တင်းပြီး နာကျင်တာကို ခံစားရနိုင်ပါတယ်။ ရင်သားမှာ အကျိတ် ဖြစ်နေပြီဆိုရင်တော့
- ရင်သားမှာ လုံးဝန်းချောမွေ့ပြီး ရင်သားမှာ တင်းနေတာမျိုးတွေ ခံစားရနိုင်တယ်
- ကြီးမားပြီး အစိုင်အခဲဖြစ်နေတဲ့ အကျိတ်လို အလုံးလေးကို အရေပြားအောက်မှာ အလွယ်တကူ ရွှေ့လို့ ရနေမယ်
- မာကျောပြီး ပုံမှန်မဟုတ်တဲ့ ရင်သားအနေအထားမျိုး ဖြစ်လာမယ်
- အရေပြားက နီမြန်းပြီး လိမ္မော်သီး တစ်လုံးလို ဖြစ်နေမယ်
- ရင်သား အရွယ်အစား ပြောင်းလာမယ်။ ပုံပန်းသဏ္ဍာန် ပြောင်းလာမယ်
- သားမြတ်ကနေ အရည်တွေ စိမ့်ထွက်မယ်။
ရင်သားမှာ အဖုအကျိတ်တွေ ဖြစ်နေတာ ဒီအချက်တွေကြောင့်ပါ
ရင်သားမှာ အဖုအကျိတ်တွေ ဖြစ်နေတာက
- အရည်အိတ်တွေ ဖြစ်နေတာ - ရင်သားက လုံးဝန်းပြီး ချောမွေ့ပြောင်တင်းနေတာက ရင်သားထဲက နို့ပြွန်တွေမှာ အရည်တွေ ပြည့်နှက်နေတာကြောင့်ပါ။ ရင်သားထဲက အရည်အိတ်က ကြီးမားနိုင်သလို သေးလည်း သေးငယ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အနီးတဝိုက်က ရင်သားတစ်ရှူးတွေ တင်းလာတာပါ။ ရာသီမလာခင်ရက်တွေမှာ ရင်သားတွေက တင်းနေပြီး ရာသီလာပြီးချိန်မှာတော့ တဖြည်းဖြည်း သက်သာသွားတတ်ပါတယ်။
- Fibrocystic breast - ရင်သားထဲက အရည်အိတ် ပြောင်းလဲမှုတွေကြောင့် ရင်သားထဲမှာ တင်းကျပ်ပြီး ရင်သားပြောင်းလဲတာကို ခံစားရသလို ရင်သားကလည်း တင်းကျပ်နေမှာပါ။ ရာသီစက်ဝန်းကာလမှာတော့ ရင်သားမှာ အဖုအကျိတ်တွေ စမ်းမိတာကို ခံစားရနိုင်ပါတယ်။
- ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ် - ရင်သားထဲမှာ အစိုင်အခဲ တစ်ခုကို ခံစားရနိုင်ပါတယ်။ အရေပြားအောက်ဖက်မှာ ရှိပြီး လက်နဲ့ အလွယ်တကူ ရွှေ့လို့ ရပါတယ်။ ဒီအကျိတ်က ကြီးလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီလို အကျိတ်ဖြစ်တာကို ခံစားရနိုင်သလို ဟော်မုန်းကုထုံး ခံယူချိန်နဲ့ ရာသီလာချိန်တွေမှာလည်း ခံစားရနိုင်ပါတယ်။
- ထိခိုက်မိတာ နဲ့ ပိုးဝင်တာ - ရင်သားတစ်ရှူးတွေကို ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်တာ၊ အနီးတဝိုက်က အာရုံကြောတွေကို ထိခိုက်မိတာကြောင့် ရင်သားမှာ အဖုအကျိတ်တွေ ဖြစ်နိုင်ပါတယ်။ အဆီကျိတ်တွေလည်း ဖြစ်နိုင်ပါတယ်။ ရင်သားတစ်ရှူးတွေမှာ ပိုးဝင်ကူးစက်တာကြောင့်ဖြစ်ဖြစ် ထိခိုက်မိတာကြောင့်ဖြစ်ဖြစ် ရင်သားမှာ အကျိတ်လေးတွေ ဖြစ်နိုင်ပါတယ်။ လက္ခဏာအနေန့ ရင်သားမှာ နာကျင်တာ နီမြန်းရောင်ရမ်းတာတွေကို ခံစားရနိုင်ပါတယ်။
- ရင်သားကင်ဆာ - ရင်သားမှာ အဖုအကျိတ်လေး စမ်းမိတယ်။ နာကျင်မှု မရှိဘူး။ မာနေမယ်။ ပုံစံမမှန်ဘူး ဖြစ်နေမယ်ဆိုရင်တော့ ရင်သားကင်ဆာကြောင့် ဖြစ်တဲ့ အကျိတ်ပါ။ အပေါ်ယံ အရေပြားက နီမြန်းရောင်ရမ်းတာ၊ အရောင်ပြောင်းတာ၊ ရင်သားအရွယ်အစား ပုံသဏ္ဍာန်ပြောင်းတာ၊ သားမြတ်က အရည်တွေ စိမ့်ထွက်တာမျိုးတွေ ရှိနိုင်ပါတယ်။
ရင်သားမှာ အဖုအကျိတ်လေးတွေ စမ်းမိပြီဆိုရင် ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါမယ်။
မွန်မွန်